စစ်ကိုင်း ဇွန် ၂၀
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဒုရဲမှူးကြီး ကျော်ညွန့်နှင့်အဖွဲ့ဝင်များက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် တာဝန်ရှိသူများထံ စိုက်ပျိုးမည့် ပျိုးပင်များအား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသူများက သစ်ပင်များအား တပျော်တပါး စိုက်ပျိုးပေးခဲ့ကြပြီး ထိုသို့စိုက်ပျိုးနေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ယနေ့ကျင်းပ ပြုလုပ်သော မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ်အသီးသီးမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသများ၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ခရေ၊ ပိတောက်၊ တမာ၊ ကျွန်း စသည့် ပျိုးပင်ပေါင်း(၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)