ပုသိမ် ဇွန် ၁၉
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒသမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၁) ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) က အစည်းအဝေးဆဋ္ဌမနေ့တွင် တင်သွင်းခဲ့သည့် “အခွန်စိစစ်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပေးရန်” အဆိုအပေါ် ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။ ဆက်လက်၍ ဘိုကလေးမြို့နယ်ကိုယ်စားလှယ်အမှတ် (၁) က “ တစ်နှစ်ထက်တစ်နှစ် ရေသယံဇာတများ လျော့နည်းလာသည်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ထိန်းသိမ်းရေးအတွက် လက်ရှိအခြေအနေထက် ရေသယံဇာတများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုကောင်းမွန်သည့် အစီအမံများဖြင့် ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ရပ်နားလိုက်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)