လပွတ္တာမြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေး ပြည်သူ့စကားဝိုင်း ( Public Talk ) ကျင်းပ

လပွတ္တာ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်မှာစကား‌ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ပြည်သူ့စကားဝိုင်းအား ဆက်လက်ကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ပပဝင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လူငယ်များသိထားသင့်သိအချက်များအား စတင်ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရင်မော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ ခရိုင်ဥပဒေအရာရှိ ဦးမျိုးမင်းဇော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာအောင်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်က လူငယ်များမူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းများကို အသီးသီးဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)