ကျိုက်လတ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ ပူပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ခွေးရူးရောဂါကာကွယ်တားဆီးရေးအတွက် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါဖြစ်ပွားနိုင်သည့်အချက်များ၊ ခွေးရူးပြန်ရောဂါ လက္ခဏာများအကြောင်းနှင့် လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ခွေးရူးပြန် ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)