ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်

မအူပင် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း (၆၃) ဦး ပါဝင်သည့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက် ကုသမှုများဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ချောင်းကလေးတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရောဂါ (၁၄၀) ဦး၊  ခွဲစိတ်ရောဂါ (၆၉) ဦး၊ ကလေးရောဂါ (၂၇) ဦး၊ အကြောအဆစ်ရောဂါ (၇၂) ဦး၊ မျက်စိရောဂါ (၁၆၅) ဦး၊ သွားနှင့်ခံတွင်းရောဂါ (၃၅) ဦး၊ သားဖွားမီးယပ်ရောဂါ (၇၀) ဦး၊ စိတ်ကျန်းမာရေး (၆) ဦး၊ တီဗွီဓါတ်မှန်ရိုက်လူနာ (၈၃) ဦး၊ အရိုးရောဂါ (၁၃၁) ဦး၊ နားနှာခေါင်းလည်ချောင်း ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါလူနာ (၅၂) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၈၅၀) ဦးတို့အား ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးကုသ ခြင်းများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ ပန်းတနော်မြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းတို့မှ လိုက်လံကြည့်ရှုအားပေးပြီး ပန်းတနော်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ တိုက်နယ်ဆေးရုံ အထောက်အကူပြုအဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)