ငါးသိုင်းချောင်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ.မ.က (မြို့သစ်ကုန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.မ.က(မြို့သစ်ကုန်း)ကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးဆန်းမင်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး၊ ဒေါ်ခင်မာလာအောင်က အနာဂတ်ရိက္ခာစာဖတ်ပါခေါင်းစဥ်ဖြင့် မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား/ကျောင်း သူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။ ဆက်လက်၍ ကျွမ်းကျင်-၂ ဓာတ်ပုံ ဦးခင်မောင်မြင့်က ကျောင်းသား၊ ကျောင်းသူများ သတိထားဆင်ခြင်နိုင်ရန် လူကုန်ကူးမှုအကြောင်း ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းလတ်က ကုန်ညွှန်းအမှတ် အသားများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)