စစ်ကိုင်း၌ မိသားစုဝင်ငွေတိုးစီမံကိန်းမှ ကြိမ်အခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇွန် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့် အစီအစဉ်ဖြင့် ကြိမ်အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းကရွာထောင်ရပ်ကွက်ရှိ  ရွာထောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လွင်မာအောင်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲပိုင်အောင်က စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီသို့ စီမံကိန်းတာဝန် လွှဲပြောင်းပေးအပ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတော်တော်က သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို သင်တန်း သူများများကိုယ်စား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးအား ကြိမ်ခြင်းအမျိုးမျိုး၊ ဦးထုပ်၊ အုပ်ဆောင်း၊ ထိုင်ခုံ၊ ဗန်းအမျိုးမျိုး၊ လိပ်စာထည့်ခွက်၊ တစ်သျှူးဘောက်၊ ခေါင်းအုံး၊ ဓာတ်ပုံဘောင်စသည့် ကြိမ်အခြေခံလက်မှုထည်များကို ဇွန်လ(၁၈)ရက်နေ့မှ ဇူလိုင်လ(၂၄) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်း သား/သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။

နေလင်းအောင်