အိမ်မဲ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ၊ အ-ထ-က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အ-ထ-က(ခွဲ)ခလောက်သိုက် ကျောင်းအုပ်ဆရာကြီး ဦးလင်းခန့်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့်အောင်မြင်မှု၊ စာပေဖတ်ရှုခြင်း၏အကျိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄) မျိုး၊ နည်းစနစ်မှူးဦးမျိုးမင်းအောင်က လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ Grade-11 နှင့် Grade-9 ကျောင်းသား/သူ များဖြစ်ကြသော မောင်ထက်လင်းအောင်၊ မောင်သူရိန်ကျော်၊နန့်သဇင်ဖြိုး၊ မအိသန္တာမိုးတို့က “မူးယစ်ဆေးဝါး ဆိုသည်မှာ”၊ “မူးယစ်ဆေးဝါးသုံးစွဲမိသည့်အကြောင်းအရင်းများ”၊ “မူးယစ်ဆေးဝါး သုံးစွဲသူ၏သွင်ပြင်လက္ခဏာများ”၊ “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ”ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက် လာသော ကျောင်းသား/သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသရရှိစေမည် စာအုပ်စာစောင်များကိုပြသပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)