မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များ၌ စိုက်ပျိုးရေးသုံးဆေးဝါးများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်စေရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းရှိ/မရှိတို့အား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးမှ စိုက်ပျိုးရေးသုံးဆေးဝါးများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရေး၊ ဈေးကစားခြင်းနှင့် ဈေးနှုန်းမြင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေး၊ စားသုံးသူများနှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားကို ကာကွယ်နိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ခဲ့ကြပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)