ကျုံပျော် ဇွန် ၁၈
တောင်သူများ မိုးစပါးကို နည်းစနစ်တကျစိုက်ပျိုးပြီး ကုန်ကျစရိတ်သက်သာကာ အထွက်နှုန်းပိုမိုကောင်းမွန်စေရန် အတွက် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချသရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာမှ တောင်သူ ဦးမောင်မြင့်၊ ဦးသိန်းထွန်းနှင့် ဦးဖိုးသောင်းရွှေတို့၏ လယ်မြေ ၅၀ ဧက၌ ဇွန်လ ၁၇ ရက်နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှု သက်သာ၍ လုပ်သားရှားပါးမှုကို လျော့ချနိုင်ကြောင်းနှင့် လယ်ယာမြေအတွင်း ပေါင်းသတ်ဆေး အလွန်အကျွံ မသုံးစွဲရန်တို့ကိုပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်၊ အားသာချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ယူရီးယားဓာတ်မြေဩဇာများအား တောင်သူလယ်သမားများလက်ဝယ်သို့ သက်သာသောဈေးနှုန်းဖြင့် ပေးအပ်ခဲ့ပြီး၊ တောင်သူ ဦးမောင်မြင့်၏ လယ်မြေ ၃၀ ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချနေမှုအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တောင်သူများမှ သိလိုသည့် မေးမြန်းမှုများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ပြန်လည် ဖြေကြားခဲ့ကြောင်း နှင့် အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်တို့မှ စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ တောင်သူများ စုစုပေါင်းအင်အား ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)