ကန့်ဘလူ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် (၄) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နံနက် ၉ နာရီက ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် အမက(၄) ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေးဌာန ဆရာဦးစံဝင်းက တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး မိုးရာသီတွင်အများဆုံးဖြစ်ပွားသည့် သွေးလွန် တုပ်ကွေးရောဂါအ ကြောင်းနှင့်ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ခြင်ကျားလောက်လန်း ပေါက်ပွားရာနေရာများ ရှင်းလင်းရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်တန်စေရန် လေ့ကျင့်သင်ကြားပေးခြင်းနှင့် မိုးရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ဖျားနာပါက ကျန်းမာရေးဌာနသို့ အလျင်အမြန် ပြသကြရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအတွင်းရှိ ရေစည်၊ ရေကန်များ၌ ပိုးလောက်လန်းသေဆေး (Abate) များ ခတ်ထားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)