လှိုင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး ၊လှိုင်ပညာခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဝေဆင့်ကျော်က ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ် အတွင်း ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းပေါ်ထွန်းရေး ဆောင်ရွက်ရမည့်အချက် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး ကျောင်းအခြေပြု ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေး အဆင့်မြှင့်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆင့်လိုက်ခွဲခြား သတ်မှတ်ရမည့် လုပ်ငန်းတာဝန်တို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ယမင်း(ပြန်/ဆက်)