မိုင်းခုတ် ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃၊ ဒေါ်ဇင်မီမီထွန်းက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ ကျောင်းသားလူငယ်များသည် နိုင်ငံ၏အနာဂတ်ပန်းကလေးများနှင့်တူသည့်အတွက် မူးယစ်ဆေးကို ဝေးဝေးမှ ရှောင်ရှားသင့်ကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းခုတ်(ပြန်/ဆက်)