ဖျာပုံ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ လူကုန်ကူးခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တာဝန်ရှိသူများမှ မှုခင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးထွန်းဦးမှ "မှုခင်းရေးရာအဖြာဖြာ သိမှတ်စရာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဖျာပုံမြို့နယ်မူးယစ်တပ်ဖွဲ့စု၊ အမှတ်(၅၀)တာဝန်ခံ ဒုရဲမှူးစိုးရန်လင်းမှ "မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာမှုခင်းများနှင့် သတိပြုရှောင်ကျဥ်ရမည့်အချက်များ" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု၊ အမှတ်(၃) ရဲအုပ်အောင်ထွန်းဦးမှ "လူကုန်ကူးမှုဖြစ်စဥ်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များ" အကြောင်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဖျာပုံမြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့စု၊ အမှတ်(၈၀)တာဝန်ခံ ရဲအုပ်စိုးမိုးသူမှ "ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းဝေးစေရေး "ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောကြသည်။
ထို့နောက် ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူလင်းက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါမှုခင်းအသိပညာပေးဟောပြောပွဲသို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဦးနှင့်တာဝန်ရှိသူများ၊ အ.ထ.က (၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)