အိမ်မဲ ဇွန် ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိန်ငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ၂၀၂၆-၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ်၊ ရက် ၁ဝဝ စီမံချက်ဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်ဆု၊ အကောင်းဆုံးဆု၊ အကြိုးစားဆုံးဆုနှင့် သင်ထောက်ကူပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်များကို အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို တစ်လခွဲကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီး၊ သင်တန်းသူ (၂၀) ဦးရှိကြောင်းနှင့် အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖြစ်သောအဆင့် မြင့်အပ်ချုပ်စက်သင်တန်းအပြင် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)