သာပေါင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် သစ်ပင်စိုက်ပျိုးကြသည်။
သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီဝင်များက ပျိုးပင်များအား ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးသိန်းဝင်းဇော်နှင့် ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် ကော်မတီဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်သူသူစိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် သစ်မျိုးများ၊ အကြီးမြန်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး ပျိုးပင်(၂၀၀)၊ မဟော်ဂနီ ပျိုးပင်(၂၀၀)၊ ခရေပျိုးပင်(၂၀၀)၊ မန်ဂျန်ရှားပျိုးပင်(၂၀၀) ပေါင်း (၈၀၀) ပင်ကို သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး (ပြန်/ဆက်)