မုံရွာ ဇွန် ၁၇
တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနဝမနေ့ကို ဇွန်လ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ငါးဦးကကြယ်ပွင့်ပြ မေးခွန်းခြောက်ခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးများက ဖြေကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုပါ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသက်ကိုကိုကျော်၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး(၁)အဖြစ် ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်အေးအေးသန့်၊ အတွင်းရေးမှူး(၂)အဖြစ် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းစံလှစိုးတို့ အပါအဝင် စုစုပေါင်းအမည်စာရင်း(၁၁)ဦးတို့ဖြင့် ဖွဲ့စည်းကြောင်းကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်က စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို ရှင်းလင်းဖတ်ကြားကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့ အပါအဝင် စုစုပေါင်း အမည်စာရင်း(၁၁)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးမှူး ထံသို့ အမည်စာရင်းကို ဇွန်(၁၇)ရက် ညနေ ၄ နာရီခွဲအထိ တင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ဇွန်လ (၁၈)ရက် နံနက် (၁၀)နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)