မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်အိအိထွန်း၊ တိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွာသာယာကျေးရွာရှိ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖိုထုပ်လုပ်ရေး လုပ်ငန်းခွင်သို့သွားရောက်ပြီး အေဝမ်းမီးဖိုအား အမျိုးအစားစုံလွင်စွာ ထုတ်လုပ်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ဖလံရုံကျေးရွာရှိ ဇဗ္ဗူရတနာသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကာ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လွယ်ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့် အနန္တသုခဓမ္မာရုံ၌ကျင်းပသည့် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားသို့တက်ရောက်၍ ဆယ်အိမ်စုမှူးများ၊ ကျေးရွာ အဖွဲ့ဝင်များ၊ ဒေသခံ အမျိုးသမီးများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်အိအိထွန်း၊ တိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်၊ တိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်နှင့်အဖွဲ့ဝင်များက ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်စာရင်းဝင် စံပြကျေးရွာဖြစ်သည့် ဖလံရုံကျေးရွာ၌ အမျိုးသမီးများကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်သည့် ကဏ္ဍကြီး (၅) ရပ်အား ဆယ်အိမ်စုမှူးများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးပြောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဘက်ဝင်အပင်များနှင့် ရောဂါကုထုံးဆိုင်ရာ သဘာဝ နည်းလမ်းများ၊ မင်းဘူးခရိုင် ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်သုံးဆွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဆိုးကျိုးများနှင့် မင်းဘူးမြို့မရဲစခန်းမှူးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများနှင့်ပတ်သက်သည့် အကာအကွယ်ပေးရေး ဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်းအရာများကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ဖလံရုံကျေးရွာမှ ဒေသခံပြည်သူများအား မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို  ကြည်ရှုအားပေးပြီး ကျေးရွာအတွင်းမှ ဘိုးဘွား(၁၅)ဦးနှင့် မသန်စွမ်းသူ (၁၃) ဦးတို့အတွက် တစ်ဦးလျှင် ကြက်ဥ၊ ငှက်ပျောသီး၊  Calsome ကွေကာ၊ ဆေးစိမ် ခြင်ထောင်၊ အားဆေးများနှင့် ငွေကျပ် တစ်သောင်းနှုန်းအပြင် ဆယ်အိမ်စုမှူးများအတွက် အေဝင်း မီးဖိုနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အဆိုပါကျေးရွာအတွင်း ကဏ္ဍကြီး (၅) ရပ် အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တစ်အိမ်တက်ဆင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဘဝအလင်းရောင် စာကြည့်တိုက်အတွက်သုတ၊ ရသစာအုပ်များကို စာကြည့်တိုက်မှူးထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့/ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်အိအိထွန်းနှင့်အဖွဲ့ဝင်များသည် စကုမြို့သို့ သွားရောက်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးနှင့် အာဟာရအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားကာ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်သီသီထွန်းက ကိုယ်ဝန်ဆောင် မိခင်နှင့် ရင်သွေးငယ်များ၏ ကျန်းမာရေးဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ မျိုးဆက်ပွားခြင်းနှင့် သားဆက်ခြားခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင် (၁၀) ဦးအတွက် အာဟာရဖြည့်စွက်စာများနှင့် အလှူငွေများ ပေးအပ်ခြင်းနှင့် စကုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၂ ဦးအား အာဟာရဖြည့်စွက်စာ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)