ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ချောင်းသာ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန (အ.ထ.က၊ ချောင်းသာ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်  (၁၀)နာရီအချိန်က အ.ထ.က (ချောင်းသာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ချောင်းသာမြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးမျိူးသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ချောင်းသာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီနွယ်အေးက လူငယ်စကားဝိုင်းကျင်းပပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဟိန်းထက်လင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း ဆက်လက် ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့်အတူ Grade-12 မှ မောင်စွမ်းထက်ယံက “လူငယ်နှင့်နည်းပညာ” ၊မောင်ချမ်း​ငြိမ်းဇော်က “လူငယ်နှင့်စာပေ”၊ မသဲစုသဇင်က “လူငယ်နှင့် စာရိတ္တ”၊ မနော်ခရစ္စတီဝင်းက ”လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် အသိပညာဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များ ပြသထားရှိမှုအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)