မုံရွာ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကိုဇွန် ၁၇ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လေးပိုက အမှာစကားပြောကြားသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မူမူချိုက အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့မှ တက်ရောက်လာသူများအားတိုင်းရင်းဆေးပညာနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များ ပေးဝေသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ နည်းပြဆရာ (၄)ဦးက မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသားသင်တန်းသူ ၃၂ ဦးကို ဇွန် ၁၇ ရက်မှ ၁၉ ရက်အထိ (၃)ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)