အိမ်မဲမြို့နယ်၌ အရန်သားဖွားမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အိမ်မဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အရန်သားဖွားမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆုဝေထွန်းက မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အရန်သားဖွားဆရာမများ လိုက်နာရမည့်တာဝန်နှင့် ဝတ္တရားများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့ကျန်းမာရေးတာဝန်ခံများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ သင်တန်းသူ အရန်သားဖွား ဆရာမများ တက်ရောက်ခဲ့ကြသည်။

အရန်သားဖွားမွမ်းမံသင်တန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၅) ရက်တာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ပြည်သူ့ကျန်းမာရေးတာဝန်ခံဆရာမများက မိခင်နှင့်ကလေး ကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ မွေးကင်းစနှင့် ငါးနှစ်အောက်ကလေး ကျန်းမာရေး၊ မိခင်ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ကျားမအခြေပြု အကြမ်းဖက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စသည်တို့ကို စနစ်တကျစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်

ချစ်သက်လယ်