ကျောင်းကုန်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ မြို့နယ်အဆင့် ကျန်းမာရေးအသိပညာမြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦက ကျန်းမာရေးသည် အဓိကအခန်းကဏ္ဍမှာ ပါဝင်နကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က မိမိတို့၏ ကျောင်းအတွက် သေသေချာချာမှတ်သားကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်က ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ဖြစ်ပေါ်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၉) ရပ်အကြောင်းတင်ပြကာ လုပ်ငန်းစဉ်(၁)ဖြစ်သော ကျောင်းအခြေပြု ကျန်းမာရေးအသိပညာ မြှင့်တင်မှုသည် အခြေခံကျ၍ အရေးအကြီးဆုံးဖြစ်ကြောင်း၊ နှီးနွယ်ဌာနပေါင်းဆုံ၍ ကြိုးစားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ထက်/ လယ်/ မူကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)