ပန်းတောင်းမြို့နယ်၌ Book Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ အချင်းချင်း ရင်းနှီးပွင့်လင်းစွာဖြင့် စာပေအမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းဝင်များ ပူးပေါင်းကာ ယမန်နေ့ (၉) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် Book Club အသင်းဝင်များက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ပါ အကြောင်းအရာများကို အလှည့်ကျဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် စာအုပ်ပါ ဗဟုသုတများ၊ လူငယ်နှင့် စာပေ၏ အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် ဆင်ခြင်တုံတရားများနှင့် ပတ်သက်၍ မိမိတို့၏အမြင်များကို အသီးသီး အပြန်အလှန်နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)