ဖြူးမြို့နယ် အ.ထ.က (၁) ၌ ကျောင်းသား/ကျောင်းသူများအား လူငယ်စကားဝိုင်းပြုလုပ်ပေး

ဖြူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ​​ ကျောင်းသားလူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့်တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ​ဖြူးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အိမာဟိန်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး Grade-11 ကျောင်းသား၊ ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ပညာရေးခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြရာ အလားတူ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေး​​ခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေး​ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)