မော်လမြိုင် ဇွန် ၁၆
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယ) နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁) ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၃၀) ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၆ ဒသမ ၇၇ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
အဆိုပါပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄) ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၅) ခုကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။
ဆက်လက်၍ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီမှ “ကျန်းမာရေးဝန်ကြီးဌာန၏ သက်ကြီးကျန်းမာရေးစောင့်ရှောက်သည့် Elderly Clinic လုပ်ငန်းသက်ဝင်လှုပ်ရှားရေးအဆို” အားတင်သွင်းခဲ့ပြီး တင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးခဲ့ကာ အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခြင်းနှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပေါင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်၏ အခြေခံပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade-4 ၊ Grade-5 အထိ တိုးမြှင့်သင်ကြားသင့်ကြောင်း အဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြ၍ ပြည်နယ်လွှတ်တော်၏ အဆုံအဖြတ်ကိုရယူခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (တတိယ) နေ့ ကိုရပ်နားလိုက်ပြီး အစည်းအဝေး (စတုတ္ထ) နေ့ကို ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)