မကွေး ဇွန် ၁၆
မကွေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးတို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၅၀၀) လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးနည်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလိမိတက်(Good Brothers Co., Ltd.)မှ တာဝန်ရှိသူမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လက်ဆွဲမျိုးစေ့ချကိရိယာ အလက်(၅၀၀)အား လှူဒါန်းပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလိမိတက် တာဝန်ရှိသူထံ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူ တောင်သူကြီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းရရှိသော (Drum Seeder)များကို တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံ စနစ်တကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြိုးစားဆောင်ပေးကြရန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)