တံတားဦး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဆေးဆိုင်များနှင့် ပုဂ္ဂလိကဆေးခန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီက ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်သုံးဆေးဆိုင်များနှင့် ပုဂ္ဂလိကဆေးခန်းများတွင် လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ လိုင်စင်ကြေးပေးဆောင်ခြင်းရှိ၊ မရှိ၊ ထိန်းချုပ်ဆေးဝါးများ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန် ခါနီးဆေးဝါးများ၊သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော ဆေးဝါးများ၊ ဝယ်ယူတင်သွင်း ဖြန့်ချိရောင်းမှုမရှိစေရေး၊ FDA ထောက်ခံချက်မပါဘဲ စားသောက်ကုန်များရောင်းချမှု မပြုလုပ်ရေးတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒေပါ ပြဌာန်းချက်အရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ခြင်းဖြစ်ရာ တံတားဦးမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင် ၁၈ ဆိုင်ရှိသည့်အနက်မှ ဆေးဆိုင်နှစ်ဆိုင်၊ ဆေးခန်းနှစ်ခုတို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)