ကလိန်အောင် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန် ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ဆံညှပ်ကလစ်ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀နာရီက ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
သင်တန်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အဆိုပါသင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင် သင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးအေးက သင်တန်းသူများအား အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့်ဆံညှပ်ကလစ်ပြုလုပ်မှု အဆင့်ဆင့်နှင့် အသုံးပြုနည်းများကို သင်ကြားပေးခဲ့ရာ သင်တန်းသူများက ကြည့်ရှုလေ့လာ၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)