အုတ်တွင်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မဲကုန်းရပ်ကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ ဝမ်းလျောရောဂါအတွက် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးခြင်းနှင့် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးကာလဖြစ်၍ ကျေးရွာအတွင်းရှိ ပိုးလောက်လန်းများနှင့် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေအိုင်များ၊ ရေတွင်း၊ ရေကန်များ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ရေပုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော (ဖုံး၊ သွန်၊ လဲ၊ စစ်) ပြုလုပ်ခြင်း၊ သောက်သုံးရေကန်များအတွင်း အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုး၏ ကြီးကြပ်မှုဖြင့် MI ဦးဝင်းခိုင်၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နှင်းယမုံဝေနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)