မြောင်းမြမြို့တွင်  မိုးရွာသွန်းမှုကြောင့်လဲပြိုသည့် အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဖယ်ရှား

မြောင်းမြ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်မိုးရွာသွန်းပြီးမြေပျော့မှုကြောင့် လုံးပတ် ၁၅ပေ၊ အမြင့် ၄၀ ပေခန့်ရှိသည့် ညောင်ပင်သည်လမ်းမပေါ်သို့လဲကျပြီးလမ်းပိတ်ဆို့ခဲ့ရာ အများပြည်သူများ သွားလာမှုမခက်ခဲစေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် ကံကော်မြိုင်ရပ်ကွက်နှင့် စမ်းချောက်ကုလားကုန်းကျေးရွာတို့တွင် လဲကျသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ကိုကို၏ စီမံမှုဖြင့် မီးသတ်ဦးစီးဌာနသည်  မိုးရာသီတွင်မြို့ပေါ်နှင့်ကျေးရွာနေပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မုန်တိုင်းကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအသင့်စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးကြောင်းသိရသည်။ ထို့အတူ သဘာဝဘေးကျရောက် လာပါကအလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရန်ကွပ်ကဲမှုအဖွဲ့များကိုလည်း  စုဖွဲ့ထားရှိဆောင်ရွက်ထားပြီး ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်ထားကြောင်းမြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ဇေယျာ (ပြန်/ဆက်)