ဖျာပုံ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ၏လမ်းညွှန်မှုဖြင့် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန ၊ဦးစီးအရာရှိ ဦးသိန်းကိုနှင့်ဝန် ထမ်းများမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်း ညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုး ကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ၊ ဖျာပုံ-ကျိုက်လတ်ကား လမ်းမကြီးဘေး တွင်ကျင်းပ စိုက်ပျိုးခဲ့ကြသည်။
ရှေ့ဦးစွာဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပျိုးပင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ပေးအပ်ရာခရိုင်/ မြို့နယ်အဆင့် အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများကလက်ခံပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများအားလုံးက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်စိုက်ပျိုးကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲကိုဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ် မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ကံ့ကော်၊ စိန်ပန်းကြီး၊ ငုရွှေဝါ၊ ခရေ စသည့်သစ်မျိုး(၆)မျိုး စုစုပေါင်း (၁၀၀၈)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့၊ မြို့နယ်အဆင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သလိပ်ကြီးကျေးရွာ ဒေသခံပြည်သူများနှင့်ဖိတ်ကြား ထားသည့် ဧည့်သည် တော်များပါဝင်သည့်အင်အား (၃၂၄)ဦး တက်ရောက်စိုက်ပျိုး ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)