ကျောင်းကုန်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျောင်းကုန်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက စာဖတ်ခြင်းအလေ့အကျင့်ကောင်းများကို ကျောင်းသား၊ ကျောင်းသူများထံ စည်းရုံးပြောဆိုဆုံးမပေးဖို့ ဆရာ/ဆရာမများကို မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က ကျောင်းစာကြည့်တိုက်ကို စနစ်တကျဖြင့် မှတ်တမ်းထားဖို့လိုကြောင်း၊ ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင် ပို့ပို့ဇင်က လူ့သားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ စာကြည့်တိုက်မှူးများ စဉ်ဆက်မပျက် လေ့လာနေကြဖို့လိုကြောင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ စာကြည့်တိုက် တာဝန်ခံ ဦးထွန်းထွန်းက စာကြည့်တိုက်နှင့်ပတ်သက်၍ ထားရှိရမည့်စာရင်းဇယားများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)