တောင်တွင်းကြီး ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းပြည်စားနပ်ရိက္ခာများ ပေါများလာစေရန်၊ သွင်းအားစုများ ထုတ်ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့် လူမှုစီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (သက်တန့်ရောင်စီမံကိန်း) မှ သီးလုံးဖောက်ပိုးဒဏ်ခံနိုင်ရည်ရှိသည့် စပ်မျိုးဝါမျိုးစေ့သီးနှံစိုက် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်က ကြက်ဆူတော (မြောက်) ကျေးရွာ၊ ရေပြားကျေးရွာနှင့် ပိန္နဲပင်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
သွင်းအားစုပေးအပ်ပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသိန်းက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း) မှ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ ကြက်ဆူတော (မြောက်) ကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၄၀ ဦး၏ စိုက်ဧက ၈၀ အတွက် ၁၈ ဒသမ ၈၈ သန်းနှင့်ညီမျှသော သွင်းအားစုများကို လည်းကောင်း၊ ရေပြားကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၂၀ ဦး၏ စိုက်ဧက ၆၀ အတွက် ၁၄ ဒသမ ၁၆ သန်းနှင့်ညီမျှသော သွင်းအားစုများကို လည်းကောင်း၊ ပိန္နဲပင်ကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၁၂ဦး၏ စိုက်ဧက ၆၀အတွက် ၁၄ ဒသမ ၁၆သန်းနှင့် ညီမျှသော သွင်းအားစုများလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် သမဝါယမအသင်းသားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)