အောင်လံ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အစားအသောက်နှင့် ရေသုံးစွဲမှု ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံပညာမူလတန်းလွန်ကျောင်း (ကျောင်းစု) သို့ ကွင်းဆင်း၍ ရေကန်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအဖွဲ့သည် အမက(မူလွန်)ကျောင်းစုရှိ သောက်သုံးရေကန်များနှင့် သိုလှောင်ရေတိုင်ကီများအတွင်း ခြင်ကျားပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရန်အတွက် အဘိတ် (Abate) ဆေးခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို လက်တွေ့ပြသ ဆောင်ရွက်ပေးသည်။
ထို့ပြင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော မုန့်များနှင့် အစားအစာများ၌ စားသုံးရန်မသင့်သည့် ဆိုးဆေးများပါဝင်မှု ရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိနှင့် သက်တမ်းလွန် အစားအစာများ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြပြီး၊ ဈေးသည်များအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော မုန့်နှင့် အစားအစာများကိုသာ ရောင်းချကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)