ကြံခင်းမြို့၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြော

ကြံခင်း     ဇွန်   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ သက်ကျမုနိ ဓမ္မာရုံ၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက မှုခင်းကျ ဆင်းရေး ကော်မတီအဖွဲ့များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟော ပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒေ စိုးမိုးရေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးလှခိုင်က မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော နိုင်ငံသား များ၏ ပိုင်ဆိုင်မှုငွေကြေးနှင့်လုံခြုံရေးကိုတိုက်ရိုက်ခြိမ်းခြောက်နေသောမှုခင်းမှာ အွန်လိုင်းလိမ်လည် မှုပင်ဖြစ်ပါကြောင်း၊ အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၊ ဖုန်းအပလီကေးရှင်းများနှင့် မိုဘိုင်း ဘဏ်စနစ်များကို အသုံးချကာ မသမာသူများက အများပြည်သူထံမှ ငွေကြေး (သို့မဟုတ်) ကိုယ်ရေး ကိုယ်တာအချက်အလက်များကို လှည့်ဖြားရယူကာ လိမ်လည်မှုပုံစံများဖြင့် ပြည်သူများထံ လိမ်လည် ခြိမ်းခြောက်မှုများ မဖြစ်ပေါ်စေရေး သတိပြုရှောင်ရှားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်က မှုခင်းများမဖြစ်ပေါ်စေရန် ပြည်သူများလိုက်နာစောင့်ထိန်းရမည် ပြစ်မှု၊ ပြစ်ဒဏ်များအားရှင်းလင်းပြောကြားပြီး၊ မြို့နယ်မီသတ်ဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်ယဉ်ငြိမ်းအေး က မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ ကြိုတင်ကာကွယ်ရေးနှင့် သုံးရာသီလုံး ထင်း၊ မီးသွေး၊ လျှပ်စစ် မီးတို့ဖြင့် မီးသုံးစွဲခြင်းကြောင့် မီးလောင်၊ မီးလန့်မှုမဖြစ်ပေါ်စေရေး သတိပြုစေရေး ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းမှူး၊ မြို့နယ်ဥပဒေ အရာရှိ၊ မြို့နယ်မီသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မင်းသီရိ ရပ်ကွက်မှ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)