တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပုသိမ် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စစ်မှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်မှုထမ်းဟောင်းများက တစ်ဦးချင်းမိတ်ဆက် တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ စားဝတ်နေရေးနှင့် သား/ သမီးများ၏ ပညာရည်မြှင့်တင်မှု လုပ်ငန်းများကိုလည်း အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယမန်နေ့မွန်းလွဲပိုင်းကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်သည့် ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများ၏ ဆွေးနွေးမှုများအပေါ် “အားကစားနည်း တစ်ခုအောင်မြင်ရန်အတွက် ဝိုင်းဝန်းပံ့ပိုးမှုများ ပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘောလုံးနည်းစနစ်များကိုလည်း အခြေခံမှစတင်သင်ကြားပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသာမက အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက်အကူပြုအဖွဲ့များသာမက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း”ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)