ဘိုကလေးမြို့နယ်တွင် မှုခင်းကျဆင်း‌ရေး အသိပညာပေးဟောပြော

ဘိုကလေး ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ ဒေါ်တင်မြဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀း၃၀) နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးသန်းဦး၊ ဘိုကလေးမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်း၊ ဘိုကလေးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော်ဦးတို့က ဘုရားချောင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား သက်ငယ်မုဒိမ်းမှု ကျဆင်းရေး ဆိုင်ရာများ၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးကိစ္စရပ်များ၊ အင်တာနက်မှုခင်းနှင့်ငွေကြေးလိမ်လည်မှုကျဆင်းရေးဆိုင်ရာများအား အသီးသီးအကျယ်တဝင့်ဆွေးနွေးပညာပေးဟောပြောခဲ့ပြီး ပြည်သူများအား မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။

အဆိုပါ မှုခင်းကျဆင်းရေးဟောပြောပွဲသို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးသန်းဦး၊ ဘိုကလေးမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်း၊ ဘိုကလေးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအင်အား (၂၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်