ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဘိုကလေး ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။

လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကလောင်ရှင် “အလင်းနတ်သမီး” တို့ တက်ရောက်ကြပြီး စကားဝိုင်းမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ကလောင်ရှင် အလင်းနတ်သမီးတို့နှင့်အတူ သင်တန်းသား/သူ (၄) ဦးက “လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် AI နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု” စသောခေါင်းစဉ်များဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ AI နည်းပညာ၏ သဘောသဘာဝများ၊ ယဉ်ကျေးမှုထိမ်းသိန်းစောင့်ရှောက်ရေးဆိုင်ရာများအား အကျယ် တဝင့် အပြန်အလှန်ဆွေးနွေးခြင်းတို့ ဆောင်ရွက်သည်။

ထို့နောက် စကားဝိုင်းတတ်ရောက်လာကြသည့် သင်တန်းသား/သူများကလည်း ဆွေးနွေးမှုများ အပေါ် သိလိုသည်များကိုဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ စကားဝိုင်းအပြီး၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က သင်တန်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကဏ္ဍအပါအဝင် သိမှတ်ဖွယ်ရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးစက်