ဘိုကလေးမြို့နယ်တွင် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘိုကလေး ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်မှစတင်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာကြည့်တိုက် တာဝန်ခံ ဆရာ/မများ၊ စုစုပေါင်းအင်အား (၅၀၀) ကျော် တက်‌ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်က စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ကြသည့် ဆရာ/မများအနေဖြင့် ယခုဆွေးနွေးပွဲမှသိမြင်နားလည်ခဲ့သည်များကို လုပ်ငန်းခွင် စာကြည့်တိုက် များတွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန် အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းဝင်းတို့က  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများ၊ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလမ်းညွှန်စာအုပ်ပါ အကြောင်းအရာများမှ စာအုပ်များတိုက်ပိုင်ရေးသွင်းနည်း၊ မျိုးတူစုခွဲနည်း၊ စာအုပ်ထားသိုနည်းများအား အကျယ်တဝင့်ဆွေးနွေးပို့ချခဲ့ကြကြောင်းနှင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ယနေ့မှစတင်၍ ဇွန် (၁၄) ရက်အထိ (၂) ရက်တာ နေ့စဉ်နံနက် (၁၀) နာရီမှ ညနေ(၃)နာရီအထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်