ကဝမြို့နယ် မူလွန်(အေးရွာသစ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ကဝ ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက မူလွန်(အေးရွာသစ်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်မင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့် ပုံပြင်‌ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှု‌စေခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)