လွိုင်ကော် ဇွန် ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ ဘီလူးချောင်းမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်၊ ကမ်းနားလမ်းသို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မြို့လယ်ကန္ဒရဝတီတံတားမှ နမ့်ကွတ်ရေစီးကွေ့အထိ ဘီလူးချောင်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် နမ့်ကွတ်ရေစီးကွေ့မှ ဒေါတချားရေထိန်းတံခါးအထိ ချောင်းဧရိယာအတွင်း တာပေါင်ဖို့ခြင်း၊ သဲနုန်းခုံများဖယ်ရှားခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ တာဖို့ခြင်းနှင့် သဲနုန်းတူးခြင်း လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းစုရပ်ကွက်ရှိ ရှမ်းပိုင်းတံတားနှင့် ဒေါနိုးကူးတံတားကြားရှိ မြေထိန်းနံရံတည်ဆောက်မည့် အခြေအနေများအားလည်းကောင်း၊ ဒေါနိုးကူးရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်ရှိ ဘီလူးချောင်းကမ်းပါးအုတ်စီခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအမြန်ဆုံး စတင် အကောင်အထည်ဖော်ရန်နှင့် လုပ်ငန်းနယ်မြေအတွင်းရှိ ပြည်သူနေအိမ်များအတွင်း စနစ်တကျဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ နမ့်ကွတ်ရေစီးကွေ့ရှိသို့ သွားရောက်ပြီး မြေထိန်းနံရံ အဆင့်မြှင့်တင်တည်ဆောက်မည့်အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၇) တပ်မတော်စစ်ဆေးရုံ (ခုတင်-၁၀၀) သို့ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)