ဖောင်းပြင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်ကာလအမီ ထုတ်ချေးပေးလျက်ရှိ

ဖောင်းပြင် ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ မေလ ၁၂ ရက်နေ့မှ စတင်၍ ထုတ်ချေး‌ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က နန်းပန်ကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာအရင်းအနှီးငွေများကို ထုတ်ချေးပေးခဲ့သည်။

ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်ကျော်ဝင်းက နိုင်ငံတော်အနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးရေးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသည့် အခြေအနေများ၊ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးငွေများကို နှစ်စဉ်စောလျင်စွာ ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေများပြန်လည်ဆပ်ကြရာတွင် သတ်မှတ်ရက်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ပုံစံ(၇) ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်း၊ ချေးငွေထုတ်ချေးပေးခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွများကို ထုတ်ချေးပေးရာ နန်းပန်ကျေးရွာ အုပ်စုမှ တောင်သူ ၁၀၆ ဦးအား မိုးစပါးစိုက်ပျိုးရေးစရိတ်အတွက် တစ်ဧကလျှင် ၃၀၀၀၀၀ ကျပ် နှုန်းဖြင့် စုစုပေါင်းစိုက်ဧက ၄၉၀ ဧကအတွက် ငွေကျပ် ၁၄၇၀၀၀၀၀၀ ကို တောင်သူတစ်ဦးချင်း၏ စိုက်ဧကအလိုက် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

မြို့နယ်အနေဖြင့် ၂၀၂၆ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၇ အုပ်စုမှ မိုးစပါးစိုက်ဧက ၃၀၀၀ အတွက် စုစုပေါင်းငွေကျပ် (၉၀၀၀၀၀၀၀၀)သိန်းကိုးထောင်ကို ထုတ်ချေးပေးနိုင်ရန် လျာထားပြီး စိုက်ပျိုးရေးစရိတ်ချေးငွေများကို ဇူလိုင်လအတွင်း အပြီးထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်ကျော်ဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)