ဟင်္သာတမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟင်္သာတ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ‘’ဟင်္သာ’’  ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဟင်္သာတခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသက်ဆွေက အဖွင့်မှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက သင်တန်းနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်တာဝန်ခံ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမင်းဇော်ထူးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်ကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းစာကြည့်တိုက်တာဝန်ခံများ စုစုပေါင်း (၇၀၈) ဦးတို့အား အထကယုံသလင်းကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်ဦး ခေါင်းဆောင်သော နည်းပြ (၇) ဦးတို့မှ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ထုတ်ဝေသော ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လမ်းညွှန်စာအုပ်ပါ ကျောင်းစာကြည့်တိုက်ပြုစုပျိုးထောင်ခြင်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ၊ ကျောင်းစာကြည့်တိုက်ဝန်ဆောင်မှု၊ ကျောင်းစာကြည့်တိုက်အသုံးပြုခြင်းလုပ်ငန်းများနှင့် စည်းကမ်းချက်များ၊ ကျောင်းစာကြည့်တိုက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျောင်းစာကြည့်တိုက်များဆိုင်ရာ ကြီးကြပ်အကဲဖြတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)