ပုသိမ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် အမှားအမှန်ခွဲခြားသိမြင်နိုင်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ လူငယ်ရေးရာ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များဖွံ့ဖြိုးလာပြီး မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် လူငယ်ရေးရာဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာဦးရွှေအောင်သင်းက ကျောင်းသားလူငယ်များသည် နောင်အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်သည့်အတွက် အတွေးအခေါ်အယူအဆများ မှန်ကန်စေရေး၊ မိမိကျောင်းနှင့် ပတ်ဝန်းကျင်မှအစပြု၍ နိုင်ငံတော်မှ အားကိုးအားထားပြုရသော လူငယ်များ ဖြစ်ပေါ်လာစေရေး ကြိုးစားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများသည် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ကျောင်းစာအပြင် သုတ၊ ရသစာပေများကိုလည်း ဖတ်ရှုသင့်ကြောင်း ပြောကြားခဲ့သည်။
အလားတူ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်ဟောပြောခဲ့ကြပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ဆက်လက်၍ လူငယ်ရေးရာ ဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း