ကန်ကြီးထောင့် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိူရေးဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော တာဝန်ရှိအကြီးအကဲများက မှိုမျိုးထုပ်များအား တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက ငွေနှင်းမှို စိုက်ပျိုးနည်း၊ ကြွက်နားရွက်မှို စိုက်ပျိုးနည်း၊ ကောက်ရိုးမှိုစိုက်ပျိုးနည်းစသည့် မှိုစိုက်ပျိုးထုတ်လုပ်ရေးနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ကောက်ရိုးမှိုစိုက်ပျိုးမှုအား လက်တွေ့သရုပ်ပြခဲ့ကြရာ တက်ရောက်လာသော တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
မှိုစိုက်ပျိုးခြင်းဟာ “စွန့်ပစ်ပစ္စည်းမှသည် ရွှေဖြစ်စေသော” ဂေဟစနစ်နဲ့ လျော်ညီတဲ့ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်ပြီး၊ မိသားစုစီးပွားရေး တွက်ခြေကိုက်ရုံတင်မကဘဲ လူသားတို့ရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ တစ်ပြိုင်နက်တည်း အကျိုးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)