ဘိုကလေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/သူ (၄၁၉၉)ဦးအား မျက်စိစမ်းသပ် စစ်ဆေးပေးနိုင်ခဲ့

ဘိုကလေး ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/သူများ၏ အမြင်အာရုံကျန်းမာသန်စွမ်းစေရန်နှင့် မျက်စိရောဂါများကို ကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်  ရက်(၁၀၀)စီမံချက်အရ ဇွန်လ(၁၁)ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ပဏာမ မျက်စိစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၃၀)သို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၉၉) ဦးတို့အား မျက်စိအမြင်အာရုံ အခြေအနေများကို ပဏာမစမ်းသပ်စစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မျက်စိစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် အမြင်အာရုံအားနည်းသူ ကျောင်းသား/သူ (၂၂)ဦး၊ မျက်စိစွေသူ ကျောင်းသား/သူ(၇)ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပိုမိုစနစ်တကျ ကုသမှုခံယူနိုင်ရေးအတွက် အထက်အဆင့် ဆေးရုံ/ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးရသူ စုစုပေါင်း(၂၂)ဦး ရှိခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)