ပုသိမ် ဇွန် ၁၂
Quantis Drive Technologies Ltd မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသတွင်း အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စက်ရုံအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် စနစ်ကျသော ခေါက်တိုသယ်ယူပို့ဆောင်ရေး စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်န်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကုမ္ပဏီမှတာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသတွင်း အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ စက်ရုံအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် စနစ်ကျသောခေါက်တို သယ်ယူပို့ဆောင်ရေး စီမံလျာထားမှုများ၊ ပြည်တွင်းစက်ရုံအကောင်အထည်ဖော်ထားရှိမှု၊ SKD စနစ်ဖြင့် ၂-ဘီး၊ ၃-ဘီး၊ ၄-ဘီး မော်တော် ယာဉ်တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချ ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်တိုးချဲ့ရေး အနာဂတ်ထပ်တိုး ထုပ်လုပ်မှု လျာထားချက်များ၊ ပြည်တွင်းကုန်ကြမ်း အစားထိုးအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အလုပ်အကိုင်ဖန်တီးရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချမှု၊ ဒေသအတွင်းသယ်ယူ ပို့ဆောင်ဆောင်ရေးလုပ်ငန်းများ တိုးတက်လာမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ရည်ရွယ်ထားရှိမှုများ ရှင်းလင်းတင်ပြမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုကဲ့သို့ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်လည်း တိုးတက်လာမည်ဖြစ်သည့်အပြင် တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် အေးချမ်းသာယာပြီး သဘာဝ သယံဇာတများ၊ လူစွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)