မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၂

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဝင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများမှ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများဟာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကလေးများအပေါ်တွင်များစွာမူတည်နေပြီး ကလေးသူငယ်များအား လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့လာဆည်းပူးခွင့်အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီးအဖိုးတန်သော လူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ "ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ရင် သွေးငယ်များဖြစ်ကြပြီး ၎င်းတို့၏ဘဝအာမခံချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကာကွယ်စောင့်ရှောက်ရန်မှာ အားလုံး၏တာဝန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက်သက်ဆိုင် ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ကော်မတီနှင့်ဆပ်ကော်မတီ(၈)ရပ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဥပဒေအရာရှိက ကလေးအလုပ်သမားခိုင်းစေခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေအကြောင်းအရာများကိုလည်း‌ကောင်း၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေး အလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီက အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကာ တက်ရောက်လာကြသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၇ နာရီက ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက အလျား ၂၀ ပေ၊ အနံ ၉ ပေ ရှိ "ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့" အသိပညာပေးမြေစိုက်ပိုစတာအား မကွေး-တောင်တွင်းလမ်းမကြီး၊ မကွေးပညာရေးဒီဂရီ‌ကောလိပ်ရှေ့(ကြာပန်းအဝိုင်း)တွင် စိုက်ထူဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)