တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပ

ပုသိမ် ဇွန် ၁၂

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၀) ခုအား သက်ဆိုင်ရာ တိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂)မှ အစည်းအဝေးဒုတိယနေ့တွင် တင်သွင်းခဲ့သည့် “လမ်းဘေးဈေးသည် များအား စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှု မြှင့်တင်နိုင်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုအပေါ်ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။ ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်ကိုယ်စားလှယ် အမှတ်(၁)က “အခွန်စိစစ်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပေးရန် တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းကြေညာခဲ့ကာတတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့) ကို ရပ်နားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)