ဒေးဒရဲ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့က ဦးဆောင်ကျင်းပသည့် မှုခင်းအသိပညာပေးဟောပြောပွဲကို ဇွန်လ (၁၁) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မှုခင်းအသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူးယာယီ ဒုတိယရဲမှူးကြီး သန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားလည်းကောင်း၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြင့်ခိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ မှုခင်းများနှင့် သတိပြုရှောင် ကျဥ်ရမည့်အချက်များခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဖေသက်ခိုင်က လူကုန်ကူးမှုဖြစ်စဥ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအားလည်းကောင်း၊ အမှတ် (၈၀) ယာဥ်ထိန်း တပ်ဖွဲ့စုက တပ်ကြပ်ကြီး ကိုကိုဇော်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူးယာယီ ဒုတိယရဲမှူးကြီး သန်းဦး၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြင့်ခိုင်နှင့် တာဝန်ရှိသူများက မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါမှုခင်းအသိပညာပေး ဟောပြောပွဲသို့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းဦး၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မြင့်ခိုင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း